|
တမန်တော်ဝတ္ထု Acts ၂၈ ၁ကုန်းပေါ်သို့ရောက်သောအခါ၊ ထိုကျွန်းကား မေလိတေကျွန်းဖြစ်သည်ကို သိကြ၏။ ၂မိုဃ်းရွာ၍ ချမ်းသောကြောင့် လူရိုင်းတို့သည် မီးမွေးပြီးလျှင်၊ ငါတို့အပေါင်းကိုလက်ခံ၍ အထူးသဖြင့် ကျေးဇူးပြုကြ၏။ ၃ပေါလုသည် ထင်းကိုစုသိမ်း၍ မီးပေါ်မှာထည့်စဉ်တွင်၊ မြွေဆိုးသည် မီးငွေ့ထဲကထွက်၍ ပေါလု၏လက်ကို တွယ်လျက်နေ၏။ ၄ထိုလူရိုင်းတို့သည်မြင်လျှင်၊ ဤလူကား၊ လူအသက်ကိုသတ်သောသူအမှန်ဖြစ်၏။ ပင်လယ် ဘေးမှလွတ်သော်လည်း၊ အသက်ရှင်စေခြင်းငှါ တရားသည်အခွင့်မပေးဟု အချင်းချင်းဆိုကြ၏။ ၅ပေါလုသည် မြွေကို မီးထဲသိုခါချ၍ အဘယ်ဘေးမျှမသင့်။ ၆သူသည် တကိုယ်လုံးရောင်မည်၊ တခဏချင်းတွင် လဲ၍သေမည်ဟု ထိုသူတို့သည် ကြာမြင့်စွာငံ့လင့်သော်လည်း၊ သူ၌ မကောင်းသောအပြစ်တစုံတခကိုမျှ မမြင်လျှင် သဘောပြောင်း လဲ၍ ဤသူကားနတ်ဘုရားဖြစ်သည်ဟု ဆိုကြ၏။ ၇ထိုအရပ်နှင့်မနီးမဝေး ပုဗလိ အမည်ရှိသော ကျွန်းသူကြီး၏နေရာရှိ၏။ ထိုသူကြီးသည် ငါတို့ကို လက်ခံ၍၊ သုံးရက်ပတ်လုံး ကောင်းမွန်စွာလုပ်ကျွေးပြုစုလေ၏။ ၈ပုဗလိမင်း၏အဘသည် ဖျားနာနှင့်ဝမ်းကျသွေးသွန် နာစွဲ၍၊ တုံးလုံးနေသည်ကို ပေါလုဝင်၍ဆုတောင်းပြီးမှ၊ သူ့အပေါ်၌လက်တင်၍ အနာကိုငြိမ်းစေ၏။ ၉ဤသို့ ပြုသောကြောင့်၊ ထိုကျွန်း၌ အနာရောဂါစွဲသော အခြားသူရှိသမျှတို့သည် လာ၍ ချမ်းသာခြင်းကို ရကြ၏။ ၁ဝထိုသူတို့သည် များစွာသောလက်ဆောင်တို့ကိုပေး၍၊ ငါတို့သည်လွှင့်ပြန်သောအခါ၊ ရိက္ခာများကိုလည်း သင်္ဘောပေါ်သို့ တင်ကြ၏။ ၁၁သုံးလလွန်လျှင်၊ နတ်သားအမြွာတို့၏ ရုပ်တုပါသော ထိုကျွန်း၌ ဆောင်းကာလပတ်လုံး နေခဲ့ဘူးသော အာလေဇန္ဒြိသင်္ဘောကို ငါတို့သည်စီးပြန်၍၊ ၁၂သုရကုတ်မြို့သို့ဆိုက်လျှင် သုံးရက်နေကြ၏။ ၁၃ထိုမြို့မှလွှင်ပြန်၍ ဝိုက်သွားသဖြင့်၊ ရေဂျုန်မြို့သို့ရောက်၍ တရက်နေပြီးမှ တောင်လေလာသောကြောင့်၊ နှစ်ရက်တွင် ပေါတယောလိမြို့သို့ ရောက်ကြ၏။ ၁၄ထိုမြို့၌ ညီအစ်ကိုအချို့တို့ကိုတွေ့၍ ခုနစ်ရက်နေကြပါဟု သူတို့သည် တောင်းပန်သည်အတိုင်း နေပြီးမှ၊ ရောမမြို့သို့ ခရီးသွားကြ၏။ ၁၅ရောမမြို့သားညီအစ်ကိုတို့သည် ငါတို့လာ ကြောင်းကို ကြားသိလျှင်၊ ခရီးဦးကြိုပြုအံ့သောငှါ အချို့တို့သည် အပ္ပိဈေးတိုင်အောင်၎င်း၊ အချို့တို့သည် သုံးစရပ်တိုင်အောင်၎င်း လာကြ၏။ ပေါလုသည် ထိုသူတို့ကိုမြင်လျှင်၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်း၍ စိတ်သက်သာခြင်းသို့ ရောက်လေ၏။ ၁၆ရောမမြို့သို့ ရောက်ကြသောအခါ တပ်မှူးသည် အကျဉ်းခံသောသူ တို့ကို ကိုယ်ရံတော်မှူး၌အပ်လေသော်၊ ပေါလုသည် မိမိကိုစောင့်သော စစ်သူရဲတယောက်နှင့်အတူ မိမိအလို အလျောက်နေရသော အခွင့်ကိုရ၏။ ၁၇သုံးရက်လွန်သောအခါ၊ ပေါလုသည် ယုဒလူအကြီးအကဲတို့ကိုခေါ်၍ စုဝေးစေပြီးလျှင်၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ယုဒလူမျိုးကိုမပြစ်မှား၊ မိစဉ်ဘဆက်ကျင့်သော ထုံးတမ်းကို မပယ်သောသူဖြစ်လျက်ပင်၊ ယေရှုရှလင်မြို့သားတို့သည် အကျွန်ုပ်ကို အကျဉ်းထား၍ ရောမလူတို့လက်သို့အပ်လိုက်ကြ၏။ ၁၈ရောမလူ တို့သည် အကျွန်ုပ်ကိုစစ်ကြောပြီးမှ၊ သေထိုက်သောအပြစ် တစုံတခုကိုမျှမတွေ့သဖြင့် လွှတ်ခြင်းငှါ အလိုရှိကြ၏။ ၁၉ထိုအလိုကို ယုဒလူတို့သည် ဆီးတားသောအခါ၊ ကဲသာဘုရင်၏ အယူတော်ကိုခံပါမည်ဟု အကျွန်ုပ်ဆိုရ၏။ ထိုသို့ဆိုသော် အမျိုးသားချင်းတို့ကို အပြစ်တင်စရာ တစုံတခုရှိသောကြောင့်ဆိုသည်မဟုတ်။ ထိုကြောင့် သင်တို့ကိုမြင်၍ နှုတ်ဆက်ခြင်းငှါ အကျွန်ုပ်ခေါ်ပါပြီ။ ၂ဝဣသရေလအမျိုး၏ မြော်လင့်ရာအတွက်ကြောင့်၊ အကျွန်ုပ်သည် ဤသံကြိုးနှင့် ချည်နှောင်ခြင်းကို ခံရပါ၏ဟု ပြောဆိုလျှင်၊ ၂၁ထိုသူတို့က၊ သင်၏အကြောင်းကို ကြားလိုက်သောစာကို ယုဒပြည်မှအကျွန်ုပ်တို့မရကြ။ ထိုပြည်မှလာသော ညီအစ်ကိုတို့တွင် အဘယ်သူမျှ သင်၌အပြစ်ရှိကြောင်းကို မကြားမပြာပါ။ ၂၂သို့သော်လည်း ဤဘာသာသည် အရပ်ရပ်တို့၌ ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရသောဘာသာဖြစ်သည်ကို အကျွန်ုပ်တို့သိကြသည်ဖြစ်၍၊ သင်၏အယူဝါဒကို သင်သည် ကိုယ်တိုင်ဘော်ပြ သောစကားကို အကျွန်ုပ်တို့သည် နားထောင်သင့်သည်ထင်ပါ၏ဟု ဆိုကြလျှင်၊ ၂၃နေ့ရက်ကိုချိန်းချက်၍ လူများတို့သည် ပေါလုတည်းခိုရာအရပ်သို့ လာကြသည်ရှိသော်၊ ပေါလုသည် ဘုရားသခင်၏နိုင်ငံတော် အကြောင်းကို သက်သေခံသဖြင့်၎င်း၊ ထိုသူတို့သည် ယေရှု၏အကြောင်းများကို ယုံကြည်စေခြင်းငှါ၊ မောရှေ၏ ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့ကို အမှီပြု၍ဖျားယောင်း သွေးဆောင်သဖြင့်၎င်း၊ နံနက်အချိန်မှစ၍ ညအချိန် တိုင်အောင် ထုတ်ဘော်ဟောပြောလေ၏။ ၂၄အချို့တို့သည် ပေါလု၏စကားကိုယုံကြ၏။ အချို့တို့သည်မယုံဘဲနေကြ၏။ ၂၅ထိုသို့ အချင်းချင်း သဘော ကွဲပြား၍သွားကြ၏။ သွားကြစဉ်တွင် ပေါလုသည် စကားတခွန်းကိုပြောလိုက်သည်မှာ၊ သန့်ရှင်းသော ဝိညာဉ်တော် သည် ပရောဖက်ဟေရှာယအားဖြင့် မိန့်တော်မူချက်ဟူမူကား၊ ၂၆သင်တို့သည် ကြားလျက်ပင် အနက်ကို နားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲမြင်ကြလိမ့်မည်ဟု ထိုလူမျိုးရှိရာသို့ သွား၍ပြောလော့။ ၂၇အကြောင်း မူကား၊ သူတို့မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ သူတို့အနာရောဂါကို ငါမငြိမ်းစေ ရသည်တိုင်အောင် သူတို့၏စိတ်နှလုံးသည် မိုက်လျက်၊ နားသည်ထိုင်းလျက်၊ ကိုယ်မျက်စိကိုပိတ်လျက် ရှိကြ၏ဟု ငါတို့ဘိုးဘေးများအား လျောက်ပတ်စွာမိန့်တော်မူ၏။ ၂၈ထိုကြောင့် ဘုရားသခင်၏ ကယ်တင်ခြင်းကျေးဇူးတော်ကို တပါးအမျိုးသားတို့အား ပေးလိုက်သည်ဖြစ်၍၊ သူတို့သည် နားထောင်မည်အရာကို သင်တို့သိမှတ်ကြလော့ဟု၊ ၂၉ပေါလုပြောဆိုပြီးမှ၊ ယုဒလူတို့သည် သွား၍ အချင်းချင်း များစွာသော ဆွေးနွှေးနှီးနှောခြင်းရှိကြ၏။ ၃ဝထိုနောက်မှပေါလုသည် နှစ်နှစ်ပတ်လုံး မိမိငှါးသောအိမ်၌ နေသဖြင့်၊ မိမိထံသို့လာသောသူအပေါင်း တို့ကို ဧည့်ခံ၍၊ ၃၁အဘယ်သူမျှမမြစ်တားဘဲ၊ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို အတည့်အလင်း ဟောပြော၍၊ သခင်ယေရှုခရစ်၏ အကြောင်းများကို သွန်သင်ပြသလျက်နေ၏။
ရှင်လုကာစီရင်ရေးထားသောတမန်တော်ဝတ္ထုပြီး၏။ |
|