|

ဆရာမျိုးသူ
၁၆-နိုဝင်ဘာ-၂၀၀၈ တရားဒေသနာ
ကျမ်းစာဖတ်ခြင်း။ ယေရမိအနာဂါတ်တိ ၃၅း ၁၆ - ၁၇
ရေခပ်သားဖြစ်သော ယောနဒပ်၏ သားမြေးတို့သည် မိမိတို့အဘမှာထား
သောစကားအတိုင်း ကျင့်ကြ၍၊ ဤလူမျိုးသည် ငါ့စကားကို နားမထောင်သောကြောင့်၊
ဣသရေလအမျိုး၏ ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရဘုရား
မိန့်တော်မူသည်ကား၊ ငါသည် ခြိမ်းသမျှသော ဘေးဥပဒ်တို့ကို ယုဒပြည်သူ၊
ယေရုရှလင်မြို့သားအပေါင်းတို့အပေါ်သို့ ရောက်စေမည်။ အကြောင်းမူကား၊
ငါပြော သော်လည်း၊ သူတို့သည် နားမထောင်ကြ။ ခေါ်သော်လည်း မထူးကြဟု
မိန့်တော်မူ၏။
၂၀၀၄ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့ ဆူနာမီကြောင့် လူ၃သိန်းမက သေဆုံးပြီး။
ထိုင်းနိုင်ငံမှာလည်း ဆုံးရှုံးမှုတွေ အများကြီးဖြစ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ ဆလုံကျွန်း တခုမှာ ထိုင်းမင်းသမီး အပျော်ဓါတ်ပုံ
လိုက်ရိုက် နေစဉ်ကပါ။ မြန်မာပြည်မှာလည်း ဆလုံ လူမျိုးတွေ ရှိပါတယ်။
အဲဒီမှာ ပင်လယ်ရေက အဝေးကြီး ဆုတ်သွားတဲ့အခါ ဆလုံများ ငိုယိုကြပါတယ်။
တိုးရစ်စ်တွေက ဘာဇြစ်မယ်ဆိုတာ မသိပါဘူး။ ပေါ်လာတဲ့ ငါးတွေကို
လိုက်ကောက်ကြပါတယ်။ ဆလုံတွေက သူတို့ လူကြီးတွေ ပြောစကားကို သတိရကြတယ်။
သူတို့ ဘိုးဘေးတွေက ဒီရေလှိုင်း ဆုတ်သွားရင် မြင့်တဲ့နေရာကို ပြေးကြပါ။
လူသားစားတဲ့ လှိုင်းလုံးကြီး ၇ လုံး ဆင်းလာ လိမ့်မယ်လို့ ဆိုစကားရှိတော့
တိုးရစ်စ် တွေကိုလည်း ခေါ်ပြီး အနီးနားက တောင်ကုန်း တွေပေါ်
ပြေးတက်ကြတယ်။ တကယ်ပဲ လှိုင်းလုံးကြီးတွေ လာပါတယ်။ ပစ္စည်းတွေ၊
လှေ၊အိမ်တွေ အားလုံး ဆုံးရှုံး သွားကြပေမဲ့ သူတို့အသက်တွေ
မဆုံးရှုံးခဲ့ကြပါဘူး။ ဘိုးဘေးများ စကားကို အလေးထား နာခံခဲ့ခြင်းကြောင့်
ဖြစ်ပါတယ်။ ဘိုးဘေးများ စကားဟာ တန်ဘိုးရှိပါတယ်။
ဓမ္မဟောင်းကျမ်းမှာ ရေခပ်လူမျိုးများအကြောင်းရေးထားပါတယ်။ သူတို့ဟာ
ယုဒလူမျိုးအောက်မှာ နေထိုင်ကြတယ်။ မောရှေရဲ့ ယောက္ခမ
အမျိုးအနွယ်တွေဖြစ်ပြီး တောကျွမ်းတယ်။ မောရှေက အကူအညီတောင်းပြီး
ခေါ်လာခဲ့ခြင်းဖြစ်တယ်။ ရေခပ်လူမျိုးတွေဟာ တနေရာတည်းမှာ အတည်တကျမနေဘူး။
အိမ်မဆောက်ဘူး၊ လယ်မလုပ်ဘူး၊ တဲနဲ့ပဲနေတယ်။ စပျစ်ပင်မစိုက်၊
စပျစ်ရည်လည်း မသောက်ပါဘူး။ စပျစ်ရည်မှာ ပျော်ရင် ထာဝရဘုရားကို
အားမကိုးပဲ ဗာလဘုရားကို ကိုးကွယ်သွားတတ်တယ်လို့ ဆိုကြတယ်။
တဲနဲ့ပဲ နေရင်း အနှစ် ၂၀၀ကျော်လောက် ကြာတော့ ယေရမိခေတ်၊ က္ကုသရေလ
လူမျိုးတွေ ဘုရားစကားကို နားမထောင်တဲ့ခေတ်မှာ တနေ့တော့ ပရောဖက် ယေရမိဟာ
ရေခပ်အမျိုးသားများဆီသွားပြီး မိတ်ဖွဲ့တယ်။ ဗိမာန်တော်ကို ဖိတ်ခေါ်ပြီး
စပျစ်ရည်တိုက်လို့ မှာလိုက်တယ်။
မြို့ပြင်မှာနေတဲ့ လူမျိုးဖြစ်တဲ့ ရေခပ်လူမျိုးများ၊ ဗာဗုလုန်
နေဗုက္ခနေဇာမင်းကြီး လာရောက်တိုက်ခိုက်တဲ့အခါ လုံခြုံမှုအတွက်
ယေရုဆလင်မြို့ထဲ ရောက်နေတဲ့အချိန်ဖြစ်ပါတယ်။ စပျစ်ရည်ကို ချပြီးတော့
သောက်ကြပါလို့ ပြောတဲ့အခါ ရေခပ်လူမျိုးများဟာ မသောက်ကြပါဘူး။ သူတို့
ဘိုးဘေးများက မသောက်ရန်မှာထားတယ်လို့ ဆိုပါတယ်။ ပရောဖက်ကြီး ယေရမိက
အံ့သြတယ်။ သူတို့ ဘိုးဘေးများမှာစကားကို နာခံဆဲပါလား လို့။
ဘုရားက ယေရမိကို စကားပြောခဲ့ပါတယ်။ ရေခပ်လူမျိုးများဟာ
ဘိုးဘေးများမှာစကားများကို တသွေမတိမ်းလိုက်နာကြတယ်။ ငါတို့ က္ကသရေလ
လူမျိုးများဟာ စကားနားမထောင်ကြပါလား။ ပရောဖက်တယောက်ပြီးတယောက်
စေလွှတ်လည်း နားမထောင်ကြ။ ရေခပ်တွေကတော့ ဘိုးဘွားများဖြစ်တဲ့ လူ့စကားကို
နားထောင်ကြပေမဲ့ ဘုရားစကားက လူ့စကားလောက်တောင်
တန်ဖိုးမရှိဖြစ်သွားရတာကို တွေ့ရပါတယ်။
က္ကုသရေလ လူမျိုးများအပေါ် တကယ်ဖြစ်ပျက်ခဲ့တာကို ကျွန်တော်တို့ သင်ခန်းစာ
ယူရန်ဖြစ်ပါတယ်။ လူ့စကားကို တန်ဖိုးထားခြင်းဟာ ကောင်းပါတယ်။ ဘီလ်
ကလင်တန် (အမေရိကန် သမ္မတဟောင်း) တနာရီစကားပြောရင် ဒေါ်လာ ၄ သိန်းခွဲ
တန်တယ်။ စကားပြောကောင်းပြီး ထိရောက်တယ်။ စီးပွားရေးလုပ်ငန်းအတွက်
သူစကားက အရမ်းအောင်မြင်ပါတယ်။ သူ့ထက်ဈေးကြီးတဲ့
လူတဦးရှိပါသေးတယ်။ ဒေါ်နယ်ထရန်မိန်ရှင်း တခါပြောရင် ဒေါ်လာ
တသန်းခွဲတန်တယ် လို့ဆိုပါတယ်။
လူ့စကားကို တန်ဖိုးထားပေမဲ့ တန်ဖိုး များစွာ.. များစွာ .. ရှိတဲ့
ဘုရားစကားကို တန်ဖိုးထားဖို့ လိုအပ်ပါတယ်။ မြန်မာပြည်မှာ
ယုံကြည်သူမဟုတ်တဲ့ ဦးကျော်ဟိန်းအားဖြင့် လူငယ်တွေကို
စကားပြောခိုင်းတော့ လူတွေ ခွန်အားရကြတယ်။ (ရုပ်ရှင်မင်းသား
ဦးကျော်ဟိန်း ယခုအခါ ဘုန်ကြီးဝတ်သွားပြီး - အယ်ဒီတာ)။
ဦးကျော်ဟိန်းစကားဟာ တန်ဖိုးရှိကောင်းရှိပါမယ်။
ဘုရားသခင်ရဲ့စကားထက် သူတပါး လူ့စကားတွေကို တန်ဘိုးထားနေချိန်မှာ
ယုံကြည်သူ ကျွန်တော်တို့ဟာ ဘုရားစကားကို တန်ဖိုးထားရပါမယ်။
က္ကုသရေလ လူမျိုးများ ဘုရားစကားနားမထောင်ပဲ ရေခပ်များ
ဘိုးဘေးစကားနားထောင်တာကို ယေရမိ အတော်ခံပြင်းပါတယ်။
ကျွန်တော်တို့ လူ့စကားကို တန်ဖိုးထားနိုင်ပါတယ်။ ဒါပေမဲ့ ဘုရားစကားကို
ပိုပြီး တန်ဖိုးထားဖိုရာ တိုက်တွန်း နှိုးဆော်လိုပါတယ်။
ဘုရားသခင် အယောက်စီတိုင်းကို ကောင်းကြီးပေးပါစေ။
ယုဒသန် နှစ်ခြင်းအသင်းတော် (စင်ကာပူ)
ဲJudson Baptist Church (Singapore) - 16-Nov-2008
|