ခရစ်စမတ်လက်ဆောင် Christmas Message  
ဆရာဦးတင်မောင်ထွန်း

   ဓမ္မမိတ်ဆွေများ ခင်ဗျာ၊ တနှစ်တခါ ခရစ်တော်ရဲ့ ဖွားသန့်စင်တဲ့ နေ့ရက်မှာ ခရစ်တော်နဲ့ပတ်သက်သော လှုပ်ရှားမှု၊ ခရစ်တော်နဲ့ ပတ်သက်သောနေ့ရက်ကို အကြောင်းပြုပြီးတော့ အကျိုးဖြစ်တဲ့ စီးပွားရေးကအစ များစွာရှိတယ်ဆိုတာ အထူးပြောစရာလိုမယ် မထင်ပါဘူး .. လို့။ ခရစ်တော်ရဲ့ မွေးနေ့တော်ကို အကြောင်းပြု၍ အင်္ဂလိပ်စကားလုံးကတော့ Christmas လို့ ခေါ်ပါတယ်။ ခရစ်စမတ် Christ ခရစ်တော်တည်းဟူသော အရှင်တော်ကို အကြောင်းပြုလို့ စုလာကြတယ်လို့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ အာရုံပြုပြီးတော့ ခရစ်တော်၌ စုဝေးတဲ့သူတွေက ဘယ်သူတွေတုံး။ အများဆုံးသူတွေကတော့ ခရစ်ယန်တွေလို့ ပြောမှာပေါ့၊ ခရစ်ယာန်တွေ သာလျှင် ခရစ်တော်ရဲ့ နာမ၌ စုဝေးကြတယ်။ ဟုတ်ကဲ့ခဗျာ။ ခရစ်တော်ရဲ့နာမအောက် ခရစ်တော်ကို ၀တ်ပြု ကျေးဇူးတော် ချီးမွမ်းဖို့ နဲ့ ၀မ်းမြောက်ဘွယ်သတင်းကို ကျွန်တော်တို့ ကိုယ်တိုင် ခံစားပြီး အခြားသောသူများလည်း သိရပါမဲ့အကြောင်း ကျွန်တော်တို့သည် မွေးနေ့တော်ကို ကျင်းပလျှက်ရှိတာ မှန်ပါတယ်။

   ဒါပေမဲ့ ခရစ်တော်ကို အကြောင်းပြုပြီး စုဝေးတဲ့ လူစုထဲမှာ အခြားလူစုတွေကော မပါဘူးလား၊ ပါတယ် လို့ ကျွန်တော်က ပြောပါရစေ။ ဘယ်သူတွေတုံး ... အထူးသဖြင့် ကျွန်တော်တို့ စီးပွားရေးမျက်စိနဲ့ လာပ်မြင်တဲ့ လူတွေကတော့ ဒီ .. ဒီဇင်ဘာလ မရောက်မှီ ခရစ်တော်ရဲ့ မွေးနေ့တော် ကိုအကြောင်းပြပြီးတော့မှ ခရစ်စမတ် ခရစ်တော်၌ စုဝေးခြင်း ပွဲတော်ရက်မှာ ဈေးရောင်းပွဲ။ ဒါကြောင့် ကျွန်တော်တို့ အများကြီး ကမ္ဘာမှာ လုပ်ကြပါတယ်။ အောက်တိုဘာလ ကတည်းကနေ စပြီးတော့ ခရစ်တော်ရဲ့ မွေးဖွားရာ ခရစ်စမတ်နေ့ကို အကြောင်းပြုပြီးတော့ သူတို့ အလှအပ ဆင်ကြတယ်။ ပြီးတော့ လျှော့ဈေးတွေနဲ့ ရောင်းကြတယ်။ လူတွေကို ခေါ်တယ်။ အဲဒါက လူသုံးကုန် ပစ္စည်းများနဲ့ ပတ်သက်တဲ့ စီးပွားရှင်တို့ စုကြတဲ့ စခန်းဖြစ်တယ်။ ဆိုင်ခွဲတွေရှိရင်လဲ စုပြီးတော့ အားလုံး ဘယ်လိုလုပ်မယ်၊ ဆိုင်တခုတည်းရှိရင်လည်း ၀န်ထမ်းတွေကို စုပြီးတော့ ဒီနေ့ ဒီပွဲကို အကြောင်းပြုပြီး ဘယ်လိုအကျိုးရှိအောင် ဆောင်ရွက်မလဲ .. အင်မတန် မှ သူတို့က လာပ်မြင်တဲ့ သူတွေဖြစ်သောကြောင့် ပွဲလမ်းသဘင်လေးတွေ လုပ်ကြပါတယ်။ ဒါပဲလား .. မဟုတ်ပါဘူး။ အဲ .. မုန့်ပဲ သားရေစာ ရောင်းတဲ့လူများကလည်း ဒီလိုပါပဲ။ အထူးသဖြင့် ကိတ်မုန့် ဖုတ်ပြီးရောင်းတဲ့ ကိတ်မုန့်ဆိုင်များလည်း အဲဒီအချိန်ဆိုရင် Merry Christmas ဆိုတဲ့ ကိတ်မုန့်ကလေးတွေလည်း ကာရကံရှင်တွေက ပေးတဲ့ဟာကို သိစေချင်ရင် အဲဒီမှာ ဘယ်သူဆီကလာသလဲ ဆိုတာလည်း နာမည် ကဗြည်းတပ်ပြီးတော့ မိသားစုတဲ့ တကွသော်လည်းကောင်း၊ ကုမ္ပဏီအနေနဲ့သော် လည်းကောင်း အော်ဒါပေးပြီး ဒါတွေအားလုံးကို ပေးခြင်းအားဖြင့် သူတို့ရဲ့ ဈေးကွက်၊ သူတို့ရဲ့ ပစ္စည်းကို ကြော်ငြာတာ ဖြစ်တယ်.. လို့။ ဒါကြောင့်မို့လို့ စီးပွားရေးသမားတွေလည်း ခရစ်စမတ်ကို အကြောင်းပြုပြီးတော့ စီးပွားရှာကြတာ ဖြစ်သလိုပါပဲ။ လူမှုရေးဖက်ကနေ လုပ်တဲ့အခါ တနိုင်ငံနဲ့ တနိုင်ငံ၊ တဖွဲ့နဲ့ တဖွဲ့၊ ပေါင်းစည်းပြီးတော့လုပ်တဲ့ အခြေတွေပေါ်မှာလည်း တွေ့ရတယ်။ ဘာလဲဆိုလို့ရှိရင် ကုမ္ပဏီတခုနဲ့တခု၊ အဖွဲ့အစည်း တခုနဲ့တခု၊ ဥပမာ ကုလသမဂ္ဂ ကလေးများ ရံပုံငွေ၊ ဒီအဖွဲ့ကြီးတွေက အခြား လူမှုရေးအဖွဲ့တွေကို သူတို့ နီးနီးကပ်ကပ် မိတ်ဆက်ချင်ရင် သူတို့ဆီက ကိတ်မုန့်တွေနဲ့ မှတ်စုစာအုပ်၊ ပြက္ခဒိန်လေးတွေကို ရိုက်ပြီး သူတို့ကို သိစေဘို့၊ သူတို့လုပ်နေတာ ဘာလဲဆိုတာ အကျဉ်းချုပ်၊ ပြောခြင်းအားဖြင့် သူတို့ရဲ့ ရည်မှန်းချက်ကလေးဟာ တိုးတက်သွားတာကို ကျွန်တော်တို့ တွေ့ရပါတယ်။

   ဒါကြောင့်မို့လို့ ဒီကနေ့ ကျွန်တော်တို့က လူသုံးကုန်ပစ္စည်း ပြုလုပ်တဲ့၊ ရောင်းချတဲ့၊ ကုမ္ပဏီကြီးတွေကလည်း ခရစ်စမတ် အချိန်ကျလာရင် အခွင့်အရေးယူလို့ သူတို့ကလည်း ပွဲလမ်းသဘင်မှာ သူများထက်တောင် ကြီတဲ့ပွဲ၊ တခါတည်း သီချင်းတွေ ဘာတွေ တီးပြီးတော့ သူတို့ အလှဆင်ပြီး လုပ်လေ့ရှိသလိုပဲ၊ ကိတ်မုန့်ဆိုင်တွေလဲပဲ ကြော်ငြာတွေအများကြီးရှိတယ်။ ဒီအချိန်မှာ လျှော့ဈေးနဲ့ ရောင်းချတဲ့ ဆိုင်များလည်း ရှိသလို အထူး အကြိုက်ကလေးတွေ လုပ်ပေးတဲ့ ဆိုင်ကလေးတွေ ရှိပါတယ်။ အဲ.. ဒါကလေးတွေကို တဖွဲ့နဲ့ တဖွဲ့ ရင်းနှီးမှုရှိအောင်၊ မျက်နှာသာ ရအောင် လုပ်လေ့ရှိပါတယ်။ ဒါကြောင့်မို့လို့ ခရစ်စမတ်ဆိုတာ ခရစ်တော်၌ စုရုံးခြင်းဆိုတာ ဝေါဟာရကို ရှင်းပြခြင်း ဖြစ်တယ်။ ခရစ်တော်၌ စုရုံးခြင်းဆိုတာ ခရစ်ယာန်ချည်း မကပါဘူး၊ ဘာသာတိုင်း၊ လူမျိုးတိုင်း၊ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ အကျိုးပြုဖို့ တခုခု လုပ်ကြပါတယ်။ အားလုံးကလည်း အကျိုးဖြစ်ထွန်းတဲ့အတွက် ဒီကနေ့ဟာ ကမ္ဘာတ၀န်းလုံးက မွေးနေ့ရှင်ကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ မွေးနေ့ရှင်ကို အကြောင်းပြုပြီးတော့ စီးပွားရှာရတာ၊ မိတ်ဖက်ရတာ အင်မတန်မှ ထိရောက်လွန်းအားကြီးလို့ များစွာသော သူတို့သည်လည်း ဒီနေ့မှာ ခရစ်စမတ်၊ ခရစ်တော်ရဲ့ မွေးဖွားသောနေ့ကို အကြောင်းပြုပြီး သူတို့သည်လည်း ပါဝင်ကြတယ်ဆိုတာ ပထမဦးဆုံး ပြောချင်ပါတယ်။ ဒါပေမဲ့ .. ယေဘူယအားဖြင့် အပြင်က ဖြစ်နေတာကိုပဲ ပြောပါတယ်။

    အဲ.. ဒီကနေ လောကုတ္တရာ ဖက်ကို ကူးရအောင်။ လောကုတ္တရာဘက်ကို ကူးတဲ့အခါကြတော့ ဘုရားဆိုတဲ့ ပုဂ္ဂိုလ်တော် ..  ရဲ့ ဂုဏ်ပုဒ်ကို ကြည့်တဲ့အခါမှာ တော်တော်ကလေးကိုပဲ အံ့သြစရာတွေ ရှိပါတယ်။ ဘုရားဆိုတာက ထာဝရ တည်ဖို့ လိုပါတယ်။ ထာဝရ တည်နေမှ ဘုရားခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်္ခါရဆိုလို့ရှိရင် ဘုရားလည်း ပျောက်သွားမှာပေါ့။ ဘုရားတွေကလည်း အများမရှိ၊ နှလုံးသားထဲက လူတိုင်းသိတဲ့အတိုင်း ဘုရားဆိုတာ တဆူတည်းသာ ဖြစ်တဲ့အကြောင် ကျွန်တော်တို့ သိပါတယ်။ တဆူတည်သော ဘုရားဟာ ကျွန်တော်တို့အပေါ် ဘယ်လိုများ သက်သေ ထူသလဲ ဆိုတာ ဒီ.. ခရစ်စမတ်အချိန်မှာ စဉ်းစားဖို့ ကောင်းပါတယ်။  စဉ်းစားတဲ့အခါမှာ ... ရှေးဦးစွာ သိရတာက လူကို ဘုရားသခင်က ဖန်ဆင်းတဲ့အခါမှာ ရုပ်သက်သက်နဲ့ မဖန်ဆင်းပါဘူး.. လို့။ အာဏာစက် အမိန့်နဲ့ မဖန်ဆင်းပါဘူး... လို့၊ အသေးစိတ် မြေမှုန့်ကနေပြီး လူရဲ့သဏန်နဲ့ ကာယ ပုံကို သူက ပထမ စီစဉ်ပါတယ်။ ပြုလုပ်ပါတယ်။ ပြီးမှ ပထမဦးဆုံးသော လူ၏ နှာခေါင်းကို ဇီဝအသက် မှုတ်တော်မူလျှင် လူသည် အသက်ရှင်သော သတ္တ၀ါဖြစ်တယ်။ ကျွန်တော်တို့ လူတွေအားလုံးမှာက ရုပ်နဲ့ နာမ် တွဲနေတယ်။ နာမ်က ဘယ်ကလာသလဲ၊ ဘုရားထံက လာပါတယ်။ ရုပ်က ဘယ်ကလာပါသလဲ၊ မြေကြီးက လာပါတယ်။ ဒါကြောင့် မြေကြီးကလာတဲ့အရာက မြေကြီးကို ပြန်၊ ဒါပေမဲ့ ဘုရားသခင်ဆီကလာတဲ့ နာမ်သက်ကတော့ ဘုရားသခင်ထံပဲ ပြန်ရမှာဖြစ်တဲ့အကြောင်းကို ဦးစွာ ကျွန်တော် ပြောချင်ပါတယ်။ ဒီတော့ ဘာကြောင့် ဒီလိုပြောသလဲ၊ ကျွန်တော်တို့ဟာ တရားတို့၊ ကံတို့၊ ကောင်းရာသုကတိ ဘုံတို့၊ အပယ်ငရဲတို့ ဆိုတဲ့ ဝေါဟာရတွေနဲ့ ပတ်သက်တဲ့ လေးနက်သော၊ လူ့မျက်စိနဲ့ မမြင်နိုင်သော်လည်း ခံစားနိုင်သော အကြောင်းရပ်ကြီးတွေကို ကြည့်တဲ့အခါမှာ ထူးဆန်းတဲ့ သဘာဝတခု ကျွန်တော်တို့ တွေ့ပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးဆိုရင် အပယ်လားမှာ ကြောက်တယ်။ ဘယ်သူက အော်နေပြီးတော့ ဘယ်သူက အပယ်လားပြီး၊ ဘယ်သူက ပြန်လာတာများ အသက်ရှင် ထင်ရှားသွားနေတဲ့ ပုဂ္ဂိုလ်များ တွေ့သလား၊ မတွေ့ပါဘူး၊ မတွေ့တော့လည်း ဘာကြောက်စရာရှိသလဲဆိုတော့ ကြောက်တာပါပဲ။ ဘာကြောင့် ကြောက်တာလဲဆိုတော့ အတွင်းသက်သေက ရှိနေလို့ ကြောက်တယ်။ အတွင်းသက်သေအနေနဲ့ကတော့ နာမ်သက်က နာမ်ဝိညာဉ်၊ ဘယ်တော့မှ ပျောက်ဆုံးမသွားနိုင်တဲ့ နာမ်ဝိညာဉ်သာလျှင် သံသရာလည်တယ်လို့ မြန်မာလူမျိုးက ယူဆပါတယ် ....။ ဒီတော့ သံသရာ လည်တတ်တဲ့ သဘာဝဖြစ်သလို၊ သေတတ်တဲ့ သဘာဝက သိင်္ခါရ ဖြစ်ပါတယ်။ ကိုယ်ကာယကတော့ လောကီရေးရာ၊ အသက်ချုပ်တဲ့တိုင်အောင် အဟာရလေးကို စားသုံးပြီးတော့၊ ကိုယ်ကာယကတော့ နာမ်သကိကိုတော့ ခွဲလို့မရပါဘူး၊ ရုပ်နဲ့နာမ် ခွဲတဲ့အခါ တဘ၀ ပြန်သွားရတယ်ဆိုတဲ့ အခြေပြုပြီးတော့မှာ ကျွန်တော်တို့ ခရစ်စမတ်ရဲ့ အရေးကြီးပုံကို ပြောသွားမှာ ဖြစ်ပါတယ်.. လို့။ 

    အခု ဆက်လက်ပြီးတော့ ကျွန်တော် ပြောလိုတဲ့ အချက်အလက်ကတော့ ခရစ်တော် ဘုရားသခင်သည် ဘယ်တုံးကတည်းက ရှိသလဲ ဆိုတာ ကျွန်တော် ပြောချင်ပါတယ်။ ခရစ်တော်ဘုရားသခင်နဲ့ ပတ်သက်ပြီးတော့ ကျမ်းစာထဲမှာ ပါလာတဲ့ အချက်အချာကို အနည်းငယ်ပြောရမယ် ဆိုလို့ရှိရင်၊ ဟေရှာရ အနာဂါတ်တိကျမ်း .. ဆိုတဲ့ ပရောဖက် ပြုချက်၊  ပရောဖက်ဆိုတာက ဘုရားသခင်ရဲ့ နှုတ်တော်ထွက် စကားတို့ကို ထူးထူးခြားခြား သူ့ကိုသာ ပြောထားပြီးမှ သူကတဆင့် လူ့စကားနဲ့ လူကို အသိပေးဖို့ ဘုရားကသုံတဲ့ လူတွေဖြစ်ပါတယ်။ ဒါကို ပရောဟိတ်များလို့ ကျွန်တော်တို့က ခေါ်ရပါတယ်။   ပရောဟိတ် ဟေရှာရကိုယ်တိုင် ရေးသားထားတဲ့ အကြောင်းကတော့ ဟေရှာရ အနာဂတ္တိကျမ်း အခန်းကြီး ၉၊ အငယ် ၆ ကနေ .. ၆အကြောင်းမူကား၊ ငါတို့အဘို့သူငယ်ကို ဖွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏။ ထိုသူသည် (ဘုရားသခင် သားတော်ဟာ) အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံ့သြဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသော ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံတော်မူလိမ့်မည်။ .. တဲ့။  ဒီဘုရားသခင်ရဲ့ သားတော်ဟာ ဘယ်ခေတ်ကာလကတည်းက ရှိတယ်ဆိုတာ ကျွန်တော်တို့ကို အသိမပေးပါဘူး။ ကျွန်တော်တို့ လည်း မသိရပါဘူး။ သို့သော်လည်း ကျွန်တော်တို့ သိတာကတော့ ဘုရားသခင်နှင့် အတူ ရှိတော်မူသော သားတော်ကို ကျွန်တော်တို့ လူသားတွေ ဘုရားတို့ရဲ့ ဂုဏ်ပုဒ်နဲ့ သဘာဝတို့ကို သိစေချင်ခြင်းငှာ လူ့ပြည်ကို လာစေမယ်ဆိုပြီးတော့ အနှစ် ၈၀၀ နီးနီးက ကြိုတင်ပြီးတော့ သတင်းပို့ထားတာ ဖြစ်ပါတယ်။ ဒါပဲလား .. မဟုတ်ပဘူး။ ပြည့်စုံခြင်းအမှုကို ကြည့်တဲ့အခါ၊ ခရစ်စမတ်အချိန်ရောက်တဲ့အခါ ကောင်းကင်တမန်ကိုပဲ ဘုရားသခင်က သုံးပါတယ်။  ကောင်းကင်တမန်ကို သုံးပြီးသကာလ ထာဝရ အရှင် ဘုရားသခင်က အဲဒီ သတင်းကို အခုလို ကက်ဆက်လေးအားဖြင့်ပေါ့ .. အဆွေတို့ကို ကျွန်တော် ပြောချင်ပါတယ်။ ကဲ .....

    ရှင်လုကာ ခရစ်ဝင် အခန်းကြီး၂ အငယ် ၁၁ ကနေဖတ်ပါမယ်။ ၁၁ယနေ့တွင်ဒါဝိဒ်၏ မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့အလိုငှါ ဘွားမြင်ခြင်းကိုခံတော်မူပြီ။ ၁၂သင်တို့သည်အဘယ် နိမိတ်ဖြင့်သိရမည်နည်းဟူမူကား၊ သူငယ်သည်အဝတ်နှင့်ပတ်ရစ် ၍ နွားစားခွက်၌ သိပ်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်ဟု ဆိုပြီးလျှင်၊ ၁၃ထိုကောင်းကင်တမန်နှင့်အတူ ကောင်းကင် ဗိုလ်ခြေအများတို့သည် ချက်ခြင်း.. ထင်ရှား၍၊ ၁၄ကောင်းကင်ဘဝဂ်ဝယ်ဘုရားသခင်သည် ဘုန်းကြီး တော်မူစေသတည်း။ မြေကြီးပေါ်၌ လည်းငြိမ်သက်ခြင်းရှိစေသတည်း။ လူတို့အား.. မေတ္တာကရုဏာ.. ရှိစေသတည်းဟု ဘုရားသခင်ကိုချီးမွမ်း ၍ မြွက်ဆိုကြ၏။   ဒါကိုကြည့်ခြင်းအားဖြင့် ဘုရားသခင်က လူတွေကို ဘုရားသဘာဝကို ပြဖို့ လာတဲ့အခါ လူလိုပဲ ဖွားခဲ့တယ်။ မယ်တော်မာရိ အပျိုကညာ ၀မ်းထဲမှာ ဖွားသန့်စင်ပြီး လူတွေကို ကယ်တင်ဖို့ရာ ပေါ်လာတာဖြစ်တယ်။ သင်တို့သည် ကယ်တင်ခြင်း သတင်းကောင်း ၀မ်းမြောက်စရာကို ပြောမယ်ဖြစ်တယ်။ ဒါကြောင့်မို့ ခရစ်စမတ်ဆိုတာ ကယ်တင်ခြင်း ဖြစ်ပါတယ်။ ကယ်မှာ ဘယ်ကနေ ကယ်မှာလဲဆိုတော့ အများသောသူတွေ ဘုရားမဖို့ လိုတာက နာမ်သက်နဲ့ ဆိုင်တယ်။ နာမ်သက်က အကုသိုလ်တွေနဲ့ ကျွန်တော်တို့က တဘ၀ကို ပြောင်းမယ်ဆိုရင် အကုသိုလ် အလျောက် ဘ၀ဆိုးကို ရောက်မယ်ဖြစ်တယ်။ အဲဒီ အကုသိုလ် အလျောက် ဘ၀ဆိုးကို ရောက်မဲ့ နာမ်သက်အတွက် ဘုရားသခင်က ကယ်ဖို့ လာတာပါ။ အပယ်မလားမဲ့လူလဲ ကမ္ဘာမှာ မရှိပါဘူး  ဘာကြောင့်လဲဆိုတော့ အပြစ်တရားကြောင့် အပယ်လားတာကိုး၊ ဒါကြောင့် မဟုတ်တာ လုပ်မိလို့ တရားအရ အပယ်လားရတာကိုး။ သူတော်စင်သူတော်ကောင်း ဆိုတာ မကောင်းတာကို ရှောင်ပြီးတော့ ကောင်းတာကို ကြိုးစား ဆောင်ရွက်နေတဲ့ သူကို၊ သူတော်ကောင်းလို့ ဆိုပါတယ်။ ဒီအတွက်ကြောင့် သူတော်ကောင်း ဆိုတာလည်း မွေးကတည်းက ကောင်းတဲ့လူမဟုတ်ပါဘူး၊ တရားကု သိပြီးမှ တရားကို ကျင့်ကြံ နေတတ်သူကို သူတော်ကောင်းလို့ ခေါ်ပါတယ်။ ဒီတော့ သူ့ကိုယ်သူ ထိမ်းပြီးတော့ နေနိုင်တဲ့ သူပင်လျှင် အမှားနဲ့ အမှန်ကို ဆင်ခြင်တဲ့အခါ အမှားကို သိပြီးမှ အမှန်ဖက်ကို ရောက်တဲ့သူတွေ ဖြစ်လို့ အမှားဘ၀မှာ လျှောက်ခဲ့တဲ့ အကုသိုလ် ဝ
ဋ်ကြွေး အဲဒါက ကံကနေ တဖန်ပေးမယ်ဆိုရင်တော့ အပါယ်လားရမယ်ဆိုတာ သိပါတယ်။ ဒါကြောင့် တမလွန်အတွက် ခရစ်တော်ဘုရားသခင်က ကယ်တင်ရှင်အဖြစ် လာပါတယ်။

   ဒါပေမဲ့ ဒီဥစ္စာက ပြောလို့ လွယ်သလောက် နှလုံးထဲက ခံစားရရင်တော့ ဟုတ်တယ်လို့ ခံယူနိုင်ပေမဲ့ လောကမှာ ရုပ်သက်သေပြဖို့ လိုအပ်တဲ့အတွက် ခရစ်တော်ဘုရားသခင်က တကယ်ကိုပဲ လောကကို လာဖူးသလား။ လာဖူးပါတယ်။ ဘာအထောက်အထားရှိပါသလဲ .. သမိုင်းရှိပါတယ်။ ဘာသာရှိပါတယ်။ သမိုင်းကတော့ ခရစ်သက္ကရာဇ်ကို ဖြစ်စေပြီးမှ ကမ္ဘာတ၀န်း ခရစ်သက္ကရာဇ်ကို မူတည်ပြီးတော့ သွားလာ၊ အတည်ပြုကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ခရစ်တော် ဘုရားသခင် တချိန်က တခါက၊ ကမ္ဘာလူသားတွေနဲ့ အတူ၊ လောကမှာ နေသွားတယ်ဆိုတာ သိရပါတယ်။ ဒါက သမိုင်းရဲ့ အထောက်အထား၊ ဒါပဲလား.. ဆိုတော့ .. မဟုတ်ပါဘူး။ ပြီးတဲ့အခါတော့ ဓမ္မတရားရဲ့ အထောက်အထား .. ဒါကတော့ ကျမ်းစာထဲမှာ ခရစ်သက္ကရာဇ်ကို ဘယ်ကနေ စမှာလဲ ဆိုတော့ ရှင်မဿဲ ခရစ်ဝင် ကြည့်မယ်ဆိုရင်တော့ ယုဒပြည် ဘက်လင်မြို့ ဟေရုပ်မင်းကြီးလက်ထက် ယေရှုသည် ဖွားမြင်ခြင်းကို ခံတော်မူပြီးမှ ....  ဒီလိုသွားတာကိုး.. ဒီတော့ နှုတ်ကပါတ်တော်က လူ့သမိုင်းနဲ့ တွဲပြီးတော့ အသိပေးတယ်။ ဆိုတော့ .. ဟေရုပ်မင်းကြီး မင်းပြုလို့ အုပ်စိုးနေတဲ့ အချိန်တွင် ခရစ်တော်သည် ဖွားသန့်စင်၍ လာခဲ့သည် .. သမိုင်းကို ပြန်ကြည့်ရင် ဟေရုပ်မင်းကြီးက ယုဒလူမျိုးတွေကို အုပ်ချုပ်တဲ့နှစ်က စပြီးတော့ ခရစ်သက္ကရာဇ်လို့ ခေါ်တွင်ခဲ့တယ်။ ဒါကြောင့်မို့လို့  .. လူမျိုးနဲ့ .. သက္ကရာဇ်နဲ့ ..သမိုင်းနဲ့  ခိုင်လုံစွာ ခရစ်တော်ဘုရားသခင် လောကကို ရောက်ရှိခဲ့တယ် ဆိုတာကို ကျွန်တော်တို့သိရပါတယ်။

   ဒါပဲလား.. ဆိုတော့ မဟုတ်ပါဘူး၊ ဒါကတော့ ဆင်ချင်တုံတရားနဲ့ တမလွန်အတွက် ပြောနေတာ ဖြစ်ပါတယ်။ခရစ်တော် ဘုရားသခင်က ဘယ်လိုပြောသလဲ ဆိုတော့ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်လိမ့်မည်  လို့ ပြောပါတယ်။ ဘယ်သူ့ကို ပြောတာလဲ ဆိုတော့ ခရစ်တော်ကို ယုံကြည်သောသူတွေ ..ကျွန်တော်တို့က ရုပ်သက်ရှင်သန်နေပေမဲ့ ဘုရားနဲအဆက်ပြက်ခဲ့တယ်။ တရားနဲ့ ယှဉ်တဲ့အခါ အပါယ်ကို လားမှာဖြစ်ပါတယ်။ အပါယ်လားမယ် ဆိုတာ ကြိုတင်သိတဲ့အတွက် ဘယ်သူ့မှ စိတ်မအေးဘူး။ သေပြီးရင် တဖက်ကမ်းအတွက် ရင်လေးကြပါတယ်။ ဒါကြောင့် လူအများက သေခြင်းကို ကြောက်တာထက်စာရင် သေပြီးရင် ခံစားရမဲ့အရာကို အတွင်း ဓမ္မာရုံက သိလျှက် ရှိပါတယ်။ အဲဒီ အတွင်း ဓမ္မာရုံက စိတ်အေးပြီးတော့ ပျော်ရွှင် ၀မ်းမြောက်ဖို့ရန် ကောင်းကင်တမန်များက ကြွေးကြော်ပါတယ်။ ယနေ့ပင် ဒါဝိပ်မြို့၌ ခရစ်တော်တည်းဟူသော ကယ်တင်ရှင်သည် ဘွားမြင်ပြီး၊ ဒါကြောင့် ခရစ်စမတ်ရဲ့ ကောင်းကြိုး ချမ်းသာများကို သင့်အပေါ်၌ ရောက်ပါစေ၊ သင်တို့အပေါ်၌ ရောက်ပါစေ ဆိုတဲ့ ကောင်ကြီးမင်္ဂလာကို ရွတ်ဖတ်ပြီးတော့ ကောင်းကြီးပေးကြပါတယ်။ ကောင်းသောဘုရားသခင်နဲ့ ပေးကြတဲ့အခါမှာ အသက်ရှင်တဲ့ ဘုရားသခင်က ကြားရဲ့လား ဆိုတဲ့ အချက်တခု ပေါ်လာပါတယ်။ သေပြီးရင် ငရဲက ကယ်မှာတို့၊ ကောင်းကင်နိုင်ငံ ရောက်မှာတို့  အကုန်လုံးကောင်းပါတယ်။ ဒါပေမဲ့ ဘယ်သူ့ကို သက်သေပြရမှာလည်း ... သက်သေပြစရာ မရှိဘူး၊ တကယ်လို့ ဟိုရောက်မှ မှန်နေရင်လည်း ကျွန်တော်တို့ လူ့ပြည်ကို ဟုတ်တယ်ဟေ့၊ မှန်တယ်ဟေ့၊ ခရစ်ယာန်တရားဟာ မှန်တယ်ဟေ့ .. လို့ ပြန်ပြောနိုင်တဲ့လူ တယောက်မှ မရှိဘူး၊ ဘာကြောင့်လဲဆိုတော့ ..ဘုရားသခင်ကပြန်မပြောစေချင်ဘူး၊ ဘုရားသခင်ရဲ့ နှုတ်ကပါတ်တော်ကို ယုံပြီးတော့ ရသောသက်သေနဲ့ ကတိတော်အတိုင် ခံစားရတာတွေကို ကိုယ်နဲ့ ဆက်ဆိုင်လို့ ကိုယ်နဲ့ပဲထား၊ ကိုယ်ပျော်ဖို့ပဲ အရေးကြီးတယ်။ လောကမှာ နှုတ်ကပါတ်တော်ရှိတယ်။ သန့်ရှင်းသော ၀ိညာဉ်တော်ရှိတယ်။ ဘုရားသခင်ရဲ့ လူတွေရှိတယ်။ သူတို့တတွေပြောလိမ့်မယ်။ သူတို့တတွေ ပြောလိမ့်မယ်။ ဆိုတော့ ဘုရားသခင်ရဲ့ လူက ဒီစကားလေးတွေကို ပြောဖို့ လိုလာပါတယ်။  လိုတဲ့အတိုင်း ဒီကနေ့ ဧ၀ံဂေလိ ဆရာများက ပြောတဲ့အခါ ရှေးကာလက ပရောဖက်တွေက ပြောပါတယ်။ ဘာလဲဆိုတော့ ယေရှုခရစ်ကို ယုံကြည်ရင် အပြစ်လွှတ်တယ် .... အပြစ်ဆိုတာ အကုသိုလ် အားလုံးကိုဆိုပါတယ်။ ယေရှု ဘုရားသခင်ရဲ့ သားတော် ယုံကြည်လက်ခံလို့ရှိရင် ဘုရားသားသမီးအနေသို့ ပြောင်းပေးမယ် .. ဆိုတယ်။ လူ့သားသမီးအနေနဲ့ လောကကို ၀င်လာတဲ့အခါ ပါတ်ဝန်းကျင်ရဲ့ အခြေအနေကို ခံစားတယ်။ ဘယ်အချိန်ကလဲ ဆိုတော့ မွေးစကတည်းက.. ကျွန်တော်တို့ မြေးကလေးတွေကို ကြည့်ရင် ပူလို့ရှိရင် သူတို့က လွန့်လွန့်၊ ငိုလား၊ ဟစ်လားနဲ့ .. အဲ  သူ့ကို ယပ်ကလေးခပ်ပေး၊ ပေါင်ဒါလေးလိမ်းပေး .. အိပ်လိုက်တာ၊ ငြိမ်လို့။ သူ့ကိုယ်က ခံစားချက်ကို သူကလည် သက်သေပေးတယ်။ ပရွက်ဆိတ်ကလေး ကိုက်ရင် ကလေးက အော်လိုက်တာ။ ဘယ်သူမှ မသင်ပေးပါဘူး၊ ဒါပေမဲ့ သူက နာရင် အော်တယ်။ ဆာတဲ့အခါလည်း . ငိုလိုက်တာ။ အဲ .. ဆာပြီဆိုရင်လည်း အမေက သိရတယ်။ နို့တိုက်တဲ့အခါကြတော့ နို့ကလေးစို့ပြီး ငြိမ်သွားတယ်။ ဗိုက်လည်းဝရော ..အိပ်ပြီးတော့ ပျော်သွားတယ်။ အဲဒါလေးကို ကြည့်ရင် ကာယရတဲ့လူက ကာယကနေ ပါတ်ဝန်းကျင်ကို ကြည့်ပြီးတော့ ခံစားတတ်သလိုပဲ .. ကျွန်တော်တို့ နာမ်သက်အတွက် သဘာဝသစ် ဘုရားသားသမီးအနေနဲ့ ဘုရားသခင်နဲ့ ဆက်သွယ်တတ်ခြင်၊ ဘုရားသခင်ရဲ့ နှုတ်ကပါတ်တော်ကို ကျွန်တော်တို့ လေးနက်စွာ လေးမြတ်စွာ လိုက်နာကျင့်ကြံ လျှောက်တဲ့အခါ နှုတ်ကပါက်က သက်သေခံသွားတာ အများကြီးရှိပါတယ်။ ဥပမာ ...ဘုရားသခင်က ငါသည် ထာဝရအသက်ကို ပေးပိုင်သော အရှင်ဖြစ်တယ်... သူ့ကို ယုံကြည်သောသူ အတွက် ဖြစ်လတ္တံ့သော နမိတ်လက္ခဏာက ခရစ်တော်ကို ယုံတာနဲ့ ကတိပဲ ရှိတာမဟုတ်ဘူး။ သက်သေ အသိလည်း ရှိတယ်။ ငါ့ကို ယုံကြည်သောသူအဖို့ နမိတ်လက္ခဏာကား အတွင်းသက်သေရှိတယ်။ ကျွန်တော်တို့ရဲ့ အထဲကနေ.. ဓမ္မာရုံကနေ ..သိသွားရသော စိတ်ချရတဲ့ ၀မ်းမြောက်မှု ရှိပါတယ်။

   ဒါပဲလားဆိုတော့ .. မဟုတ်ပါဘူး။  ငါ၏ နာမကို အမှီပြု၍ တောင်းကြလော့၊ တောင်းလျှင် ရမယ် ဆိုတဲ့အတိုင်း ဓမ္မတိတ်ခွေလေးကို နားထောင်နေတဲ့ ဓမ္မမိတ်ဆွေများကို ကျွန်တော်က ပြောချင်တာ ဟိုတဖက်ကမ်းကနေ ငါ့ကို ယုံလျှင် ကယ်တင်ခြင်းရမယ်လို့ ပြောနေတာမဟုတ်ဘူး။ ငါ့ကို ယုံရင် ငါနဲ့အတူ ဒီဘ၀မှာ သွားမယ်။ အကျင့်နဲ့ သက်သေ ရှိသောကြောင့် သင်တို့သည် သေသောအခါ ကာယကိုသာ မြေမြုတ်ပြီးတော့ နာမ်သက်ကို ငါဆုတ်ကိုင်ပြီးတော့ တဖက်ကို ခေါ်သွားမယ် .. အဲဒီလို သက်သေပြထားတဲ့အတွက်ကြောင့် ခရစ်တော်ဘုရားသခင်က ငါသည်ကောင်းမြတ်သည်ဖြစ်ကြောင်းကို လူတွေ မသိချင်နေပါစေ၊ ကာယကရှင်ဖြစ်တဲ့ ယုံကြည်သူက တွေ့ထိခံစားနိုင်ဖို့ရာ မြည်းစမ်းကြည့်ပါ၊ သူက အမြည်းခံနိုင်တဲ့ ဘုရား။ အမြည်း ခံနိုင်တဲ့ ဘုရားဆိုတာ ကမ္ဘာမှာ ရှားမှရှားပဲ။ တဆူတည်းသောဘုရား၊ မေတ္တာရှင်ဘုရား၊ တန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရား သစ္စာရှိတော်မူသော ဘုရားက ပြောတဲ့စကား..  ငါ့ကို မြည်းစားပါ၊  ဘယ်လိုစားရမလဲ ကိုယ်တော် ..ပရောဖက် ယေရမိအားဖြင့် ပြောပါတယ်။ ငါ့ကို ခေါ် ငါထူးမယ်။ ကြီးသောအရာ၊ နက်နဲသောအရာ၊ သင်တို့ မသိတဲ့ တမလွန်နဲ့ ပတ်သက်တဲ့ နာမ်သက်၊ နာမ်သဘာဝ၊ သိရသောအခွင့်ကို ငါ့ကို ခေါ်သောသူအား ငါပြမယ်။ ငါ့ကို တောင်းသောသူလဲ ငါပေးမယ်။ ငါ့ကို ရှာသောသူလည်း တွေ့စေမယ် .... ကိုယ်တော်ရှင်တော်မြတ်ရဲ့ နှုတ်ကတိ .. သက်သေပြုရမဲ့အကြောင်း ပြောတယ်။ ငါ၏ နာမကို အမှီပြု၍ တောင်းကြပါ။ တောင်းသည့်အတိုင်း ငါပြု၍ သက်သေပြုတဲ့အခါ ငါ့ကို ယုံကြည်၍ လက်ခံပါ။ လက်ခံတဲ့အခါ ငါ့သက်သေကို မင်းတို့အထဲမှာ ရမှာ ဖြစ်ပါတယ်  ... လို့ ပြောပါတယ်။ အဲ.. ဥပမာလေး တခု ပေးမယ် ဆိုပါတော့။  ရေငတ်တဲ့လူတယောက်ကို အချိုဖျော်ရည် ပေးရင် ရေငတ်တာပြေမလား.. မပြေပါဘူးခင်ဗျာ၊ ရေငတ်တဲ့လူဟာ ရေပေးမှ ပြေမယ်ဖြစ်ပါတယ်။ ဒီတော့ ရေငတ်တဲ့သူက ရေသောက်တော့ ရေကချိုလို့လား.. မချိုပါဘူး ခင်ဗျ၊  ရေက ခါးလို့လား .. မခါးပါဘူး၊ အရသာမဲ့သော ရေတခွက်ကို ကိုယ်ထဲက တမ်းတလွန်းကြီးတဲ့အခါ အဲဒီရေကို သောက်လိုက်တဲ့အခါ ရေက ကျွန်တော်တို့ ခံစားမှုကို သက်သေခံတယ်။ ရေများသောက်လိုက်လို့ရှိရင် ဘယ်လောက်ကောင်းသလဲ ဆိုတာ ဓမ္မမိတ်ဆွေများသိပါတယ်။ ရေသောက်လိုက်ရလို့ တည်ငြိမ်တဲ့ ခံစားမှုက ဘယ်မှာမှ မရှိသလိုပါပဲ။

    ဒီနေ့လည်း ဘုရားနဲ့ တွေ့လိုက်လို့ရှိရင် ကျွန်တော်တို့ရဲ့ နာမ်ပိုင်းနဲ့ နာမ်သက်က ခံစားမှုက တော်တော်ပြင်းသွားမယ်ဆိုတာကို ကျွန်တော် အာမခံချင်ပါတယ်။ ဝေငှချင်ပါတယ်။ ဒီအပြင် စမ်းသပ်ပါလို့ ... ကျွန်တော်ပြောချင်ပါတယ်။ ဘယ်လို စမ်းရမလဲ .. နည်းရှိပါတယ်။ မိတ်ဆွေ ဘယ်လိုစမ်းရမလဲ ..အခုခရစ်စမတ်အချိန်လေးတင် မကပါဘူး၊ ဘယ်အချိန်မှာမဆို လိုအပ်မှုနဲ့ လူမတတ်နိုင်တဲ့အခါကျရင် ခရစ်တော်ကို စိတ်နှလုံးနဲ့ ၀ိညာဉ်တမ်းတလိုက်ပါ။ တမ်းတပြီး ဆုတောင်းလိုက်တဲ့အခါ ကိုယ်တော်ကလည်း အဆင်သင့်ပါပဲ။ ငါ၏ နာမကို အမှီပြု၍ တောင်းသည့်အတိုင်း ငါပြုမယ်။ အကြောင်းမူကား ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားစေဘို့ အလိုတော်ရှိသောအရာကို ဘယ်သူလုပ်လုပ်ရတယ်။ ဒါပေမဲ့ တချို့သော သူတွေက ထင်ပါတယ်။ အတ္တသမားများက အတ္တကမိုးတော့ ဘုရားသခင်နဲ့ ငါတို့ပဲ ဆိုင်ပါတယ် လို့ပြောပါတယ်။ မဟုတ်ပါဘူး။ ဘုရားသခင်နဲ့ လူသားတိုင်းဆိုင်ပါတယ်။ တကမ္ဘာလုံးနဲ့ ဆိုင်ပါတယ်။ ဗုဒ္ဓဘာသာ နဲ့လည်းဆိုင်တယ်။ မွတ်ဆလင်နဲ့လည်း ဆိုင်တယ်။ တခြား ဘာသာကလေးတွေများစွာ ဒီကနေ့ သုံးထောင်၊ လေးထောင်လောက်ရှိတဲ့ ဘာသာတရားတွေ အားလုံးနဲ့ ဆိုင်ပါတယ်။ ကိုယ်ဖာသာ ကိုယ့်တရားအခံ ရှာနေတဲ့သူတိုင်း ဒီကနေ့ စိတ်နှလုံးနဲ ခေါ်ဖိတ်ကြည့်ပါ။ ခရစ်တော်ကို လိုအပ်တဲ့အရာ တောင်းကြည့်ပါ။ ရပါလိမ့်မယ်။

    ဒီကနေ့ အသင်းတော်မှာ အံ့သြစရာတွေ အများကြီးဖြစ်ပါတယ်။ ကျွန်တော့ အသင်းတော်မှာ လူတိုင်လာပါတယ်။ ကျွန်တော်တို့ တခါးဖွင့်ထားတယ်။ ဘာသာမရွေး လာနိုင်ပါတယ်။ လူမျိုးမရွေး လာနိုင်ပါတယ်။ လူမျိုးမရွေး ဘာသာမရွေး လာတဲ့အခါ ဒီ ခရစ်စမတ်အချိန်မှာ ဒီဒေသနာလေးကို ကြားလိုက်တဲ့အခါ လိုအပ်တာကို ဘုရားထံ တောင်းပြီးတော့ ပြန်သွားတော့၊  ဘာ..မှ မကြာဘူး။ အံ့သြဘွယ်ရာ အလုပ်လိုသောသူ အလုပ်၊  မကျန်းမာသောသူ ကျန်းမာခြင်း။ တချို့ .. အိမ်နဲ့ ပတ်သတ်တဲ့ ဇနီးမောင်နှံ ပြဿနာ၊ အိမ်မှာ ဂရက်ဖြစ်နေတာကို ဘုရားဆီ အပ်လိုက်တာ ပြေလည်သွားတဲ့ ကျေးဇူးမင်္ဂလာအပေါင်းနဲ့ သက်သေခံချက်တွေလည်း အများကြီး။ အဲဒီ သက်သေခံချက်တွေပေါ်မှာ ကျွန်တော်က အထောက်အထားပြုပြီး ဒီကနေ့ ခရစ်စမတ် အကြောင်းပြောနေပါတယ်။ ခရစ်စမတ်ဆိုတာ ခရစ်တော်၌ စုသောသူများ၊ ဒီကနေ့ လူတိုင်းပါလို့  ရပါတယ်။ ခရစ်တော် နာမ၌ ဆုတောင်းခြင်းနဲ့ ပြုသောအခါ ထိုဆုတောင်းခြင်းရဲ့ မင်္ဂလာကို ကိုယ်တိုင်ခံစားသွားရသည်ကို တွေရင်တော့ အဲဒါ ခရစ်စမတ် လက်ဆောင်ဖြစ်ပါတယ်။

   ဒါကြောင့် ခရစ်စမတ် လက်ဆောင်ကို .. ကျွန်တော်တို့ ဓမ္မမိတ်ဆွေများ အားလုံးခံစားလို့ ရနိုင်ပါစေလို့ စေတနာ သန့်သန့်နဲ့ ပေးတဲ့နေရာမှာ ထပ်ဆင့်လို့ ပြောချင်တာက မိတ်ဆွေ ဘာလိုသလဲ။။ မိတ်ဆွေရဲ့ အသက်တာမှာ ဘာအခက်အခဲရှိပါသလဲ။ ကိုယ်တော်ရဲ့ မွေးနေ့တော် သတ်မှတ်ပြီး ကျင်းပတဲ့ ခရစ်စမတ်အချိန်ကြီးမှာ ကျွန်တော်မျိုး၊ ကိုယ်တော် လိုတာရှိပါတယ်။  ဒီအရာ.. ဒီအရာ.. ဒီအရာ .. နောက်ဆုံး၊ ကိုယ့် နွားကလေးတွေ၊ ၀က်ကလေးတွေ၊ ကြက်ကလေးတွေကအစ သူတို့ မကျန်းမာရင် ဘုရားသခင် ဆီ ဆုတောင်းလို့ ရပါတယ်။ ကိုယ့် သားသမီး၊ ကိုယ့်အိမ်သူ၊ အိမ်သား၊ လိုအပ်တာလေးတွေ တောင်းပေးလို့ရပါတယ်။ ထိုကဲ့သို့ တောင်းပေးခြင်း အမှုများကို ဘုရားသခင်က ပြုဖို့ရန် ဘုရားသခင်က လောကကို ဆင်းလာ၍ လောက၌ ၃၃ နှစ် နေထိုင်သွားသော ခရစ်တော်ဟာ သေသွားပြီးတော့ ပျောက်သွားတာ မဟုတ်ပါဘူး။ သူဟာ ကျွန်တော်တို့ကိုယ်စား လက်ဝါးကပ်တိုင်ပေါ်မှာ အင်မတန်ကြီးတဲ့ ကျေးဇူးလက်ဆောင်ကြီးကို ပေးဖို့ရာ အသွေးသွန်းလောင်းသွားပါတယ်။ အသက်ပေးသွားခဲ့ပါတယ်။ ထိုကဲ့သို့ အသွေးသွန်းလောင်း၊ အသက်ပေးသွားခြင်း နောက် ၃ ရက်မြောက်သောနေ့မှာ သေခြင်းကို အောင်ပြီးတော့ ကောင်းကင်သို့ ချီဆောင်ခြင်းကို ခံတဲ့အတွက် ငါ့ကို ခေါ်လော့၊ ငါထူးမယ် လို့ အသက်ရှင်တဲ့ ကိုယ်တော်ရဲ့ မွေးနေ့တော်ကို ကျွန်တော်တို့ ကျင်းပနေပါတယ်။ ဒါကြောင့်မို့ မွေးနေ့လက်ဆောင် တယောက်စီကို ပေးချင်တဲ့ အနေနဲ့ ခရစ်တော်နာမ၌ ဆုတောင်းကြည့်ကြပါ။ တောင်းသည့်အတိုင်း ရသည်ကိုလည်း သက်သေအားဖြင့် ကျွန်တော်တို့ကို ပြန်အကြောင်းကြားပါလို့ ... မေတ္တာနဲ့ ခေါ်ဖိတ်ပြီးမှ နိဂုံးချုပ်လိုက်ပါတယ်။

 မိတ်ဆွေများ  ဆုတောင်းကြပါစို့။။
အဘ ဘုရားသခင် .. လူသားတွေကို အမျိုးမျိုးနဲ့ အဆက်အသွယ်လုပ်တဲ့ နေရာမှာ နောက်ဆုံးကာလတွင် သားတော်ကိုပင်စေလွှတ်၍ ကျွန်တော်တို့အား ဘုရားသခင် ဂုဏ်ပုဒ်နှင့် တန်ခိုးတော်ကို သိစေပါတယ်။ သိစေသောအကြောင်းသည် ဘုရားအစစ်ဖြစ်ကြောင်းကို ကျွန်တော်တို့ ဆုတောင်းတိုင်း ရနိုင်ဖို့ရန် ဒေသနာကို ဆင်ချင်ပြီးတော့ ဆုတောင်းသူတိုင်းကို ကောင်းကြီးပေးတော်မူပါ။ ကိုယ်တော် ဘုရားသခင်ရဲ့ တန်ခိုးနှင့် သစ္စာတော်ကို ဖေါ်၍ ယုံကြည်သောသူတိုင်း နှစ်သစ်နှင့်အတူ ဆုတောင်းပြည့်ကြပါမည့်အကြောင်း အလွန်ရိုသေစွာ ဆုတောင်း အသနား ခံပါ၏ ဘုရား.......     အာမင်
 

ဆရာကြီး ဦးတင်မောင်ထွန်း
ညီအစ်ကိုများ အသင်းတော် (ရန်ကုန်)
 
(၂၅ ဒီဇင်ဘာ - ၂၀၀၄)
 

   
www.BurmeseBible.com


 


This Month
PDF Download





 


Bangkok - 2008

 


Rev. Augustus

 


Tokyo Kachin Baptist
Church

Rev. Yojong Yaw  Han

 


Judson (Singapore)

 


Karen KBCS

Singapore



Hakka Myanmar
Singapore

 


Myanmar Baptist Church
 NewYork


First Burmese Baptist Church
San Francisco

 


San Jose Burmese Church

www.bccsv.org

 


Oakland Burmese Church

 


Calvary Baptist Church
Bangkok

 


MCA , Thailand 

Myanmar Christian Assembly